သမိုင်းထဲက မင်းယုတ်နရသူ

နရသူမင်းဆိုတာ မြန်မာရဲ့ ပုဂံမင်းဆက် ၅၅ ဆက်မှာ ၄၅ ဆက်မြောက် အလောင်းစည်သူရဲ့ သားတော်ငယ်ဖြစ်ပါတယ်။ သုတေသီတချို့အရ နရသူဟာ ခမည်းတော်အလောင်းစည်သူမင်း နန်းသက် ၇၅ နှစ် သက်တော် ၁၀၁ နှစ်မှာနာမကျန်းဖြစ်ချိန်မှာ နန်းတော်ကနေချပြီး ရွှေဂူကြီးဘုရားမှာနေစေခဲ့တယ်။ အလောင်းစည်သူသတိလည်လာတဲ့အခါ “ငါ့နန်းမဟုတ်တကား” လို့ မိန်တော်မူပြီး သားတော်နရသူရဲ့ အစီအရင်ဆိုတာသိတာနဲ့ အမျက်ဒေါသထွက်ခဲ့ပါတယ်တဲ့။ ဒီသတင်းကို ကြားသိသွားတဲ့ နရသူဟာ ခမည်းတော်ရှိရာရွှေဂူကြီးကို ညတွင်းချင်းသွားပြီး အဝတ်ပုဆိုးနဲ့ ဖိသတ်ခဲ့တယ်လို့ ဆိုကြပါတယ်။ ပညာရှင်တချို့ကလည်း ဒီလိုဖြစ်ခဲ့ပါတယ်ဆိုတဲ့ အထောက်အထားအခိုင်အမာမရှိခဲ့ကြောင်း အလောင်းစည်သူမင်းဟာ သက်တော် ၁၀၁ နှစ်ရှိပြီဖြစ်တဲ့အတွက် ဘယ်သူပယောဂမှမပါဘဲ သက်တော်ကုန်တာလည်းဖြစ်နိုင်ကြောင်းသုံးသပ်ကြတယ်။

ခမည်းတော်အလောင်းစည်သူနဲ့ သဘောထားမတိုက်ဆိုင်လို့ ထွန်တုံးပူတက်မှာ ပြည်ရွာပြုပြီးနေထိုင်နေသူ သားတော်ကြီးမင်းရှင်စောဟာ ဖခမည်းတော်နတ်ရွာစံကြောင်း ကြားသိခဲ့တာနဲ့ စစ်တပ်တစ်ခုကို ဦးဆောင်ပြီး ပုဂံကိုချီတတ်လာခဲ့တယ်။ ဒါကိုသိနေတဲ့ နရသူဟာ နောင်တော်ကိုခုခံတိုက်ခိုက်ရင် အနိုင်ရဖို့မသေချာတာကြောင့် ပုဂံပြည်ရဲ့ သာသနာပိုင်အရှင်ပံ့သကူမထေရ်ကို သူအမှားကိုသိပါပြီ၊ နောင်တရပါပြီ၊ နောင်တော်ကို ထီနန်းအပ်ပါမယ်လို့ သိမ်းသွင်းခဲ့တယ်။ ဒါကိုယုံကြည်သွားတဲ့ အရှင်ပံ့သူမထေရ်ကလည်း မင်းရှင်စောကို စစ်မဖက်ဘဲ ထီးနန်းလက်ခံဖို့နားချခဲ့ပါတယ်။ ဒီလိုနဲ့ နရသူဟာ သူ့နောင်တော်မင်းရှင်စောကို နံနက်ပိုင်းမှာ ဘိသိက်သွန်းမင်းတင်မြှောက်အပြီး ညပွဲတော်စာမှာ အဆိပ်ခတ်လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ပါတယ်။ သာသနာပိုင် အရှင်ပံ့သကူမထေရ်မြတ်ဟာ နရသူရဲ့ ယုတ်မာမှုကို ကန့်ကွက်ရှုံ့ချတဲ့အနေနဲ့ ပုဂံပြည်မှာသီတင်းမသုံးတော့ဘဲ သီဟိုဠ် (သီရိလင်္ကာ) ကိုထွက်ခွာခဲ့တာကြောင့် နရသူလက်ထက် ပုဂံပြည်ဟာ ဒီလိုနဲ့ သာသနာပိုင်မဲ့ဖြစ်ခဲ့ပါတယ်။

အခုပြောခဲ့သလိုပဲ နရသူဟာ မင်းညစ်တစ်ပါးဆိုတာကိုတော့သိပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဖခင်အလောင်းစည်သူကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ယူဆကြပေမဲ့လည်း တခြားကွဲပြားတဲ့ အယူအဆတွေကရှိနေဆဲပါ။ ဒါ့အပြင် အလေးအပေါ့သွားပြီး သန့်သက်ရေမသုံးသည်ကို ရွံရှာတဲ့ သီဟိုဠ် (သီရိလင်္ကာ)မင်းသမီးဟာ အခစားမဝင်လို့ နေရာမှာတင် သံလျက်နဲ့ခုတ်သတ်ခဲ့လို့ သီဟိုဠ်မင်းက လူလွှတ်သတ်စေခဲ့တယ်လို့ ပါးစပ်ရာဇဝင်တွေရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း သမိုင်းပညာရှင်တချို့ရဲ့ သုံးသပ်ချက်အရဆိုရင် နရသူမင်းဟာ အမျက်ဒေါသကြီးပြီး မဆင်မခြင်ပြုမူတတ်တာတော့ မှန်နိုင်ပေမဲ့ သန့်သက်ရေမသုံးတာတို့၊ ကုလားပြည်မင်းသမီးကို ကွပ်မျက်ခဲ့တာတို့ကတော့ ပါးစပ်ရာဇဝင်သက်သက်သာဖြစ်ပါတယ်တဲ့။ ဒေါက်တာသန်းထွန်းရဲ့ “တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ” စာအုပ်ထဲမှာလည်း ဒီလိုရှင်းပြထားပါတယ်။

သီဟိုဠ် (သီရိလင်္ကာ)နဲ့ မြန်မာတို့ဟာ အရင်မင်းအဆက်ဆက်က အပြန်အလှန်ယုံကြည်စိတ်ချရတဲ့ အကြည်တော်တွေဖြစ်ခဲ့ပြီး အဖိုးတန်လက်ဆောင်ပဏ္ဏာတွေ အပြန်အလှန်ပေးကမ်းကြတယ်။ နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းလာရင်းက ၁၁၆၄ ခုနှစ်မှာ မြန်မာဘုရင်ခေါ် ပုဂံဘုရင်နရသူကို ရောင်းဝယ်ရေးကိစ္စတွေအပြင် သံတမန်ကိစ္စမှာ လစ်ဟင်းပျက်ကွက်မှုတွေရှိတယ်လို့ စွပ်စွဲခံရခဲ့ရတယ်။ စွဲချက်တွေထဲမှာ သံတမန်တို့ကို ပြုစုမြဲ မပြုစုခြင်း၊ ဆင်တွေကို ပြည်ပပို့ခွင့်မရှိဟုအကြောင်းပြပြီး ဝယ်မြဲရောင်းမြဲဆင်တွေကို မရောင်းခြင်း၊ ဆင်တန်ဖိုးကို အဆမတန်တင်ရောင်းခြင်း၊ လက်ဆောင်ပဏ္ဏာပေးသွင်းတဲ့ သင်္ဘောသူကြီးကို ပေးနေကျ ဆင်တစ်ကောင်မပေးတော့ခြင်း၊ သံတမန်တို့ကို ရွှေစာပါလျက်နဲ့ ကမ္ဘောဇ (ကမ္ဘောဒီယား)က စေလွှတ်တဲ့ သံတမန်များဟုပြောဆို၍ ပါလာတဲ့ပစ္စည်းတွေသိမ်းပြီး သံတမန်တို့ကိုမူ သံခြေချင်းတပ် အကျဥ်းချပြီး ရေလောင်းတာဝန်ချထာခြင်း၊ သီဟိုဠ် (သီရိလင်္ကာ)သံတို့ကို ပြန်လိုက “ယနေ့မှအစပြုလျက် နောင်အခါ ငါ့နိုင်ငံကို သီဟိုဠ် (သီရိလင်္ကာ) သင်္ဘောမလာရ၊ ရောက်လာသည့်သံတို့ကို သတ်ပါတော့ဟု ခွင့်ပြုစာကို လက်မှတ်ရေထိုးခိုင်းခြင်း၊ ဆင် ၁၄ ကောင်နဲ့ ငွေကိုပေးမည်လို့ ကတိပြုပြီးမှ မမှန်မကန်အကြောင်းမျိုးစုံပြုပြီး ဘာမျှမပေးခြင်း၊ ကမ္ဘောဇ (ကမ္ဘောဒီယား) ကိုဆက်သတဲ့ သမီးကညာကို ကြားဖြတ်သိမ်းယူခြင်းတို့ ပါဝင်ပါတယ်။

အခုပြောပြပေးတဲ့ စွဲချက်တွေက သီဟိုဠ် (သီရိလင်္ကာ)ဘက်မှမှတ်တမ်းများသာဖြစ်တာကြောင့် ပိုပိုသာသာရှိနိုင်ပေမဲ့လည်း သီဟိုဠ် (သီရိလင်္ကာ)နဲ့ ရာမညခေါ် မြန်မာတို့ကြား စစ်ဖြစ်ခဲ့ရခြင်းအကြောင်းအရင်းဟာ အများသိသလိုမဟုတ်ဘဲ ရောင်းဝယ်ရေးနဲ့ သံတမန်ရေးမှာ လစ်ဟင်းပျက်ကွက်မှုတွေကြောင့်သာ ဖြစ်နိုင်ပါတယ်။

ဒီလိုနဲ့ သီဟိုဠ် (သီရိလင်္ကာ)ဘက်က ရာထောင်ချီတဲ့စစ်တပ်ကြီးကို ၅ လအတွင်းပြင်ဆင်ပြီး ပုသိမ်ဘက်မှ မြန်မာထဲဝင်ပြီး အလုံးအရင်းနဲ့ဝင်တိုက်ခိုက်ခဲ့တယ်။ သီဟိုဠ် (သီရိလင်္ကာ)စစ်တပ်ရဲ့ ဓားဆွဲသိမ်းဂိုလ် (Singhalese) သူရဲတွေက ကြောက်ခမန်းလိလိအစွမ်းသတ္တိနဲ့ ဥက္ကမခေါ် (ပုဂံ)ကို အတင်းထိုးဖောက်ဝင်ရောက်ပြီး ရာမညမင်း (ပုဂံမင်း) ကိုသတ်ဖြတ်နိုင်ခဲ့တယ်။ ဒီလိုနဲ့ ကျန်စစ်သား၊ အလောင်းစည်သူ၊ နရသူဆိုတဲ့ ကျန်စစ်သားရဲ့ နောက်ဆုံးမင်းဆင်လည်းဖြစ် ဓမ္မရံကြီးဂူဘုရားဒါယကာလည်းဖြစ်တဲ့ နရသူနတ်ရွာစံပြီး ရာမညခေါ် မြန်မာတစ်ပြည်လုံးလည်း အတုံးအရုံးကျဆုံးခဲ့ပါတယ်။

ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ဖော်ပြချက်အရ ဒီစစ်ပွဲအကြောင်းကို သီရိလင်္ကာရှိ ဒေဝနဂလကျောက်စာမှာ ရေးထိုးထားပါသတဲ့။ မင်းမဲ့ဖြစ်သွားတဲ့ ပုဂံထီးနန်းကို အရနိရုန္ဓခေါ် အနော်ရထာမင်းဆက်ဖြစ်တဲ့ ဒုတိယစည်သူ နရပတိစည်သူ (၁၁၆၉-၁၂၁၁) ကိုနန်းတင်ပေးခဲ့ပါတယ်။

သမိုင်းမှာနာမည်ဆိုးတွင်ကျန်တဲ့ နရသူမင်းက ဒီလိုနဲ့ကျဆုံးခဲ့ပါတယ်။

#TheArk

Leave a Reply

Your email address will not be published. Required fields are marked *